top of page

အိမ်ဟောင်းရောင်းပြီး အိမ်သစ်ဝယ်ယူဖို့အတွက် ဘာတွေပြင်ဆင်ထားရမလဲ?

  • 1 day ago
  • 1 min read

အိမ်ပြောင်းရတာထက် ပိုပြီး ခေါင်းခဲစရာကောင်းတာက အိမ်ဟောင်းရောင်းတာနဲ့ အိမ်သစ်ဝယ်တာကို တစ်ပြိုင်နက်တည်းဖြစ်အောင် စီစဉ်ရတာပါပဲ။ စာရွက်စာတမ်းတွေ၊ ပစ္စည်းသယ်ယူရတာတွေနဲ့ ငွေအေးအေးလူလူ လွှဲနိုင်ဖို့ဆိုတာ တကယ်ကို တိကျဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စရန်ငွေလည်း မဆုံးရှုံးစေဘဲ စိတ်အေးလက်အေးနဲ့ ဒီအကူးအပြောင်းကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ ကြည့်လိုက်ရအောင်။



1။ကိုယ့်ငွေကြေးအခြေအနေကို အရင်ဆုံး ဆန်းစစ်ပါ

အိမ်သစ်ကို စတင်မရှာဖွေခင်မှာ သင်ဟာ ဘယ်လိုဝယ်ယူမယ့်သူမျိုးလဲဆိုတာ အရင်ဆုံး သိထားဖို့ လိုအပ်ပါတယ်။

· အခြေအနေ (1) အိမ်ရောင်းရမှ ဝယ်မည့်သူ (Contingent Buyer): ကိုယ်က အိမ်သစ်အတွက် စရန်ငွေပေးတဲ့အခါ "ကျွန်တော့်အိမ်ဟောင်း ရောင်းထွက်သွားမှ ဒီအိမ်ကို အပြီးသတ်ဝယ်ပါမယ်" ဆိုတဲ့ ကတိကဝတ်နဲ့ ဝယ်တာပါ။ ဒါဟာ ကိုယ့်အတွက် ငွေကြေးအရ စိတ်အချရဆုံးဖြစ်ပေမဲ့ အိမ်ရောင်းသူတွေဘက်ကတော့ တခြားချက်ချင်းငွေချေနိုင်သူရှိရင် သင့်ကို လက်မခံဘဲ ငြင်းပယ်နိုင်ခြေ ရှိပါတယ်။

· အခြေအနေ (2) အိမ်ဟောင်းမရောင်းရသေးခင် ဝယ်မည့်သူ (Non-Contingent Buyer): သင့်လက်ထဲမှာ အိမ်သစ်အတွက် လုံလောက်တဲ့ ငွေသားရှိနေတာမျိုး ဒါမှမဟုတ် Bridge Loan တစ်ခုရထားနိုင်တာမျိုးပါ။ ဒါဆိုရင်တော့ အိမ်ရောင်းသူတွေက ကိုယ့်ကို ဦးစားပေးပါလိမ့်မယ်။ ဒါပေမဲ့ အိမ်ဟောင်းက ချက်ချင်းရောင်းမထွက်ခဲ့ရင် အိမ်နှစ်လုံးစာ ဘဏ်ချေးငွေ (Mortgage) ကို တစ်ပြိုင်နက် ပေးဆောင်ရမယ့် ဝန်ထုပ်ဝန်ပိုး ရှိလာနိုင်ပါတယ်။



2။ "ရောင်းပြီး ပြန်ငှားခြင်း" (Rent-Back Agreement)

အိမ်ဟောင်းကို ရောင်းလိုက်ပြီဖြစ်ပေမဲ့ အိမ်သစ်က တက်လို့မရသေးတဲ့အခါ "လမ်းဘေးရောက်သွားမှာ" ကို မစိုးရိမ်ပါနဲ့။ Seller Rent-Back အစီအစဉ်ကို သုံးနိုင်ပါတယ်။ ဒါဟာ အိမ်ဝယ်သူအသစ်ဆီကနေ မိမိရောင်းလိုက်တဲ့အိမ်ကို ရက်ပိုင်း သို့မဟုတ် လပိုင်းပြန်ငှားနေတာမျိုးပါ။ ဒါမှသာ ပစ္စည်းရွှေ့ပြောင်းတဲ့အခါ စိတ်အေးလက်အေး ရွှေ့နိုင်မှာ ဖြစ်ပါတယ်။



3။ အိမ်ချုပ်မည့်ရက်များကို အချိန်ကိုက် ညှိနှိုင်းပါ

အိမ်နှစ်လုံးရဲ့ အရောင်းအဝယ်စာချုပ်ချုပ်တဲ့ရက် (Closing Date) တွေကို အတတ်နိုင်ဆုံး နီးစပ်အောင် ညှိနှိုင်းရပါမယ်။

· စာချုပ်ချုပ်မည့်ရုံး: ဖြစ်နိုင်ရင် အိမ်ဟောင်းရောင်းတာရော၊ အိမ်သစ်ဝယ်တာကိုပါ ရှေ့နေ သို့မဟုတ် အကျိုးဆောင်ရုံး တစ်ခုတည်းမှာပဲ လုပ်ပါ။ ဒါမှ အိမ်ဟောင်းရောင်းလို့ရတဲ့ငွေကို အိမ်သစ်အတွက် ချက်ချင်းလွှဲပြောင်းပေးနိုင်မှာပါ။

· ရက်ရွေးချယ်မှု: အိမ်ဟောင်းကို ကြာသပတေးနေ့မှာ အပြီးသတ်ရောင်းပြီး အိမ်သစ်ကို တပတ်လောက်နေမှ ဝယ်တာမျိုးက အကောင်းဆုံးပါ။ အရောင်း နဲ့ အဝယ်ကြား အချိန်အရမ်း ကပ်ရင် အိမ်ရောင်းတဲ့ ကိစ္စ အကြောင်းတစ်ခုခုနဲ့ ကြန့်ကြာသွားပါက ကိုယ်အိမ်ဝယ်မဲ့ ကိစ္စအတွက် ပါအခက်အခဲတွေ့နိုင်ပါတယ်။



4။ အဆိုးဆုံးအတွက် "Plan B" အမြဲထားပါ

ဘယ်လောက်ပဲ စနစ်တကျစီစဉ်ပါစေ၊ မမျှော်လင့်ဘဲ အခက်အခဲ ကြုံရနိုင်ပါတယ်။

· ပစ္စည်းတွေသိမ်းထားဖို့: အိမ်သစ်ကို ချက်ချင်းမပြောင်းနိုင်ရင် ပစ္စည်းတွေ ခေတ္တထားဖို့ ဂိုဒေါင် သို့မဟုတ် ကားကြီး (Moving Truck) ကို ကြိုတင်ချိတ်ဆက်ထားပါ။

· ယာယီနေထိုင်ဖို့: ဟိုတယ် သို့မဟုတ် Airbnb တွေကို တစ်ပတ်စာလောက် ကြိုတင်စုံစမ်းထားပါ။

· အရေးပေါ်ရန်ပုံငွေရှိနေဖို့: အိမ်ပြောင်းစရိတ်နဲ့ အထွေထွေအသုံးစရိတ်တွေအတွက် အပိုငွေ အမြဲချန်ထားပါ။



အကျဉ်းချုပ် စစ်ဆေးရမည့်စာရင်း

1. အိမ်ဟောင်းကို ကြိုတင်ပြင်ဆင်ပါ: ဝယ်သူက အပြစ်ရှာပြီး ဈေးလျှော့တာမျိုး မဖြစ်အောင် အိမ်မှာ ပျက်စီးနေတာတွေကို ကြိုပြင်ထားပါ။

2. ပစ္စည်းလျှော့ပါ: အိမ်သစ်ကို ပစ္စည်းအဟောင်းတွေ အကုန်သယ်မသွားပါနဲ့။ မလိုတာတွေကို စွန့်ပစ်ခြင်းက သယ်ယူစရိတ်ကို အများကြီး သက်သာစေပါတယ်။

3. ဆက်သွယ်ရေး: အိမ်အကျိုးဆောင်၊ ဘဏ်ဝန်ထမ်းနဲ့ ရှေ့နေတွေကို မိမိရဲ့ အစီအစဉ်ကို အမြဲတမ်း အသိပေးနေပါ။


ဒီအချက်တွေကို ကြိုစဉ်းစား စီစဉ်ထားနိုင်ရင် ကိုယ့်ရဲ့လက်ရှိအိမ်ကိုရောင်းပြီး နောက်ထပ် အိမ်အသစ်တစ်လုံးကိုဝယ်ဖို့အတွက် ပိုအဆင်ပြေအောင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အတွေ့အကြုံ များတဲ့ အကျိုးဆောင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းက အခက်အခဲတွေကြုံလာတဲ့ အခါမှာ အများကြီး အထောက်အကူဖြစ်စေပါတယ်။

 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

bottom of page