အိမ်ဝယ်သူနဲ့ အိမ်ရောင်းသူတိုင်း သိထားသင့်တဲ့ Home Appraisal အကြောင်း
- 2 days ago
- 1 min read

အိမ်ဝယ်တဲ့အခါဖြစ်ဖြစ်၊ ရောင်းတဲ့အခါဖြစ်ဖြစ် အိမ်ရဲ့တန်ဖိုးဘယ်လောက်ရှိလဲဆိုတာကို ကျွမ်းကျင်ပညာရှင်နဲ့ စစ်ဆေးရတာကို Home Appraisal လို့ ခေါ်ပါတယ်။ ဒါဟာ အိမ်ရဲ့တန်ဖိုးဟာ တကယ်တမ်း ချေးငွေပမာဏနဲ့ ကိုက်ညီမှု ရှိ၊ မရှိ သိနိုင်ဖို့အတွက် လုပ်ဆောင်ရတာပါ။
ဒီနေ့မှာတော့ Appraisal အတွက် ကုန်ကျစရိတ်နဲ့ သိထားသင့်တဲ့ အချက်တွေကို ရိုးရိုးရှင်းရှင်းလေး ပြောပြပေးသွားပါမယ်။

ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်သလဲ?
ယေဘုယျအားဖြင့် အခြေခံ အိမ်စစ်ဆေးခဟာ $350 ကနေ $450 ဝန်းကျင် ရှိတတ်ပါတယ်။ ဒါပေမဲ့ အိမ်ရဲ့ အကျယ်အဝန်းနဲ့ စျေးကွက် ပေါ်မူတည်ပြီး $300 ကနေ $2,000 အထိလည်း ရှိနိုင်ပါတယ်။
ကုန်ကျစရိတ်ကို ဘာတွေက ဆုံးဖြတ်သလဲ?
အိမ်အကျယ်အဝန်း : အိမ်က အရမ်းကြီးရင် ဒါမှမဟုတ် အပိုအခန်းတွေ အများကြီးပါရင် စစ်ဆေးရတာ အချိန်ပိုပေးရလို့ ဈေးပိုများနိုင်ပါတယ်။
တည်နေရာ : အိမ်က မြို့ပြင်မှာရှိရင် Agent သို့မဟုတ် စစ်ဆေးသူ သွားရလာရတာ ဝေးတဲ့အတွက် ခရီးစရိတ် ပိုကျသင့်နိုင်ပါတယ်။
ချေးငွေအမျိုးအစား : FHA ဒါမှမဟုတ် VA လိုမျိုး အစိုးရအာမခံချက်ရှိတဲ့ ချေးငွေတွေဆိုရင် စည်းကမ်းချက်တွေ ပိုများတဲ့အတွက် စစ်ဆေးခ ပိုပေးရတတ်ပါတယ်။

Appraisal အမျိုးအစားများ
(1) အပြည့်အစုံစစ်ဆေးခြင်း (URAR): ဒါကတော့ အသုံးအများဆုံးပါ။ အိမ်ရဲ့ အတွင်းရော အပြင်ကိုပါ သေချာကြည့်ရတာဖြစ်ပြီး $350 ကနေ $600 ဝန်းကျင် ကုန်ကျပါတယ်။
(2) Hybrid Appraisal: လူတစ်ယောက်က အိမ်ကိုလာကြည့်ပြီး နောက်ထပ်တစ်ယောက်က Online ကနေ အချက်အလက်တွေကို စစ်ဆေးတာပါ။ ဒါကတော့ $250 ကနေ $375 ဝန်းကျင် ရှိပါတယ်။ Refinance လုပ်တဲ့ အခါတွေမှာ သုံးလေ့ရှိပါတယ်။
(3) Desktop သို့မဟုတ် Drive-by: ဒါကတော့ အိမ်ထဲအထိ ဝင်မကြည့်ဘဲ အပြင်ကနေ ကြည့်တာ ဒါမှမဟုတ် မှတ်တမ်းတွေကိုပဲ ကြည့်တာပါ။ အသက်သာဆုံးဖြစ်ပြီး $75 ကနေ $200 ဝန်းကျင်ပဲ ရှိပေမဲ့ ပုံမှန်အိမ်ဝယ်ယူမှုတွေမှာတော့ ဒါကို သိပ်အသုံးမပြုကြပါဘူး။ Refinance လုပ်တဲ့ အခါတွေမှာ တော့ သုံးလေ့ရှိပါတယ်။

ဒီစရိတ်ကို ဘယ်သူပေးရမှာလဲ?
ပုံမှန်အားဖြင့်တော့ Buyer (အိမ်ဝယ်သူ) ကပဲ ပေးရတာပါ။ သူ့ကို order လုပ်ပြီးတာနဲ့ ဝယ်သူက out-of-pocket ပေးရတာများပါတယ်။ ကိုယ်က ပိုက်ဆံပေးရတာဖြစ်ပေမဲ့ စစ်ဆေးမယ့်သူကိုတော့ ဘဏ်ကပဲ ရွေးချယ်တာ ပါ။ ဒါပေမဲ့ တစ်ခါတလေမှာတော့ အိမ်ရောင်းသူနဲ့ ညှိနှိုင်းပြီး ဒီစရိတ်ကို စိုက်ထုတ်ပေးဖို့ တောင်းဆိုလို့လည်း ရနိုင်ပါတယ်။
Appraisal တန်ဖိုးကို ဘေးပတ်ဝန်းကျင်မှာ ရောင်းပြီး သား အိမ် တွေရဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ပြီး တန်ဖိုးဖြတ်တာပါ။ ဘဏ်ကငွေချေးရာမှာ Appraisal တန်ဖိုးပေါ်မူတည်ပြီး ချေးတာဖြစ်တဲ့ အတွက် အိမ်ဝယ်စျေးက Appraisal တန်ဖိုးထက်များနေရင် ဝယ်သူက စိုက်ပေးရတာမျိုး၊ ရောင်းသူက လျှော့ပေးရတာမျိုး (သို့) ရောင်းသူဝယ်သူ စျေးပြန်ညှိရတာမျိုး တွေ ရှိတတ်ပါတယ်။

တကယ်လို့ Appraisal တန်ဖိုးနည်းနေရင် အရောင်း အေးဂျင့်က တန်ဖိုးကို ပြန် စဉ်းစားဖို့ Appraiser ဆီမှာတောင်းဆိုနိုင်ပါတယ်။ Appraiser က ပြန်ပြီး စုံစမ်းစစ်ဆေးပြီး သူလက်ခံနိုင်ရင် တန်ဖိုး မြှင့်ပေးတာမျိုး၊ မဖြစ်နိုင်ရင် တန်ဖိုးကို မတိုးပေးပဲ ဒီအတိုင်းထားတာမျိုးလည်း ရှိတတ်ပါတယ်။
ဒီလို အိမ်ရဲ့တန်ဖိုးကို မှန်မှန်ကန်ကန် သိထားတာက ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် Appraisal report ထွက်လာတဲ့ အခါမှာ သေသေချာချာ ဖတ်သင့်ပြီး နားမလည်ရင် ကိုယ့် ရဲ့ Agent ဒါမှမဟုတ် Loan Officer ကိုပြန်ပြီး ရှင်းပြခိုင်းလို့ရပါတယ်။



Comments