ကိုယ့်အိမ်ရဲ့ ခိုင်ခံ့တည်မြဲမှုအတွက် လုပ်ဆောင်သင့်တဲ့ Yearly Checklist
- arkar tm
- 1 day ago
- 2 min read

ကိုယ်နေတဲ့အိမ်ရဲ့ ကြံ့ခိုင်မှုကို အမြဲစစ်ဆေးဖို့နှင့် ရှိနေတဲ့ပြသနာတွေကို ပိုဆိုးတဲ့အနေအထားမျိုးမရောက်ခင်မှာ စောစောစီးစီးပြုပြင်မွမ်းမံဖို့ဆိုတာက အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ အိမ်ပိုင်ရှင်တော်တော်များများက ကိုယ်နေ့စဉ်မြင်တွေ့နေရတဲ့ အချက်တွေကိုတော့ သတိထားပြုပြင်နိုင်ကြပြီး မမြင်သာတဲ့နေရာတွေမှာဖြစ်နေတဲ့ပြဿနာတွေကိုတော့ စစ်ဆေးဖို့မေ့လျော့တတ်ကြပါတယ်။ ဒီမမြင်ရတဲ့ပြဿနာတွေဟာ တဖြေးဖြေးကြီးမားလာပြီး နောက်ဆုံးမှာ အိမ်ရဲ့ Integrity ကိုဆိုးဆိုးရွားရွားထိခိုက်လာစေတာ၊ Dollar တွေထောင်နှင့်သောင်းနှင့်ချီပြီး ပြုပြင်စရိတ်တွေကုန်ကျစေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အိမ်ရဲ့မမြင်သာတဲ့နေရာတွေကို စစ်ဆေးဖို့အတွက် Yearly Check List တစ်ခုကိုပြောပြပေးပါမယ်။
(1) အိမ်ခေါင်မိုး၊ တံစက်မြိတ် နှင့် ရေတံလျောက်တွေ
ခေါင်မိုးမလုံလို့ရေစိမ့်တဲ့ပြဿနာက မသိမသာလေးကနေ စတင်ပြီးတော့ အချိန်ကြာလာတဲ့အခါ မျက်နှာကြက်တစ်ခုလုံးကိုပျံ့သွားပြီး Water Damage ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ ပြီးတော့ ရေတံလျောက် (gutter) မှာသစ်ရွက်နှင့်အမှိုက်တွေ ဆို့နေရင် မိုးရွာတဲ့အခါ ရေတွေလျှံပြီးတော့
တံစက်မြတ်နှင့်ခေါင်မိုးတွေကိုဆွေးမြေ့စေနိုင်ပါတယ်။ဒါကြောင့် ဒီနေရာတွေကို မိုးရာသီမတိုင်ခင်မှာ အဓိကထားပြီး စစ်ဆေးသင့်ပါတယ်။ မိုးများတဲ့ ပြည်နယ်တွေဆိုလည်း အိမ်ခေါင်မိုးမှာ ရေညှိ moss တွေမတက်အောင် နှစ်စဉ် ရှင်းပေးသင့်တယ်။ Moss cleaning treatment တွေကို ခေါင်မိုးပေါ်နှစ်စဉ် တင်ထားခြင်းဖြင့် အိမ်ခေါင်မိုး ကို ရေရှည် ခံအောင် ကာကွယ်နိုင်ပါတယ်။

(2) မြေအောက်ခန်းနှင့် Foundations တွေ
အက်ကွဲကြောင်းသေးသေးလေးတွေနှင့် basement နံရံကရေငွေ့ပျံနေတဲ့ အကွက်သေးသေးလေးတွေဟာ အပေါ်ယံကြည့်ရင်တော့ ဘာမှမဟုတ်သလိုနှင့် တကယ်တော့ အဲဒီ့နောက်ကွယ်မှာ foundation ယိုင်နေတာ၊ ရေစိမ့်ယိုမှုအကြီးကြီးတွေရှိနေတာ စတဲ့ ပြဿနာအကြီးကြီးတွေရှိနေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်အိမ်ဘေးမှာသစ်ပင်ကြီးကြီးမားမားတွေရှိရင် ပိုပြီးသတိထားပါ၊ သစ်ပင်ရဲ့ သစ်မြစ်တွေက အိမ်ရဲ့ foundation ထဲကိုထိုးဖောက်ဝင်နေတဲ့ပြဿနာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါက အိမ်ရဲ့ foundation ကို ဆိုးဆိုးရွားရွား ပျက်စီးထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် နံရံတွေဖောင်းကြွနေလား ချိုင့်တွေဖြစ်နေလားစစ်ဆေးပါ။ ပြီးတော့ မြေအောက်ခန်းထဲမှာ မှိုတွေစွဲနေလား ရေငွေ့ကြောင့် အနံဆိုးတွေစွဲနေလား အမြဲတမ်းသတိထားစစ်ဆေးပါ။ နောက်တစ်ခုက ရေတံလျောက်က ဆင်းလာတဲ့ ရေပိုက်က အိမ်ရဲ့ ဖောင်ဒေးရှင်းနဲ့ ဝေးတဲ့ နေရာကို ရောက်အောင် ထား ဖို့ လိုပါတယ်။ အဲလို မှမဟုတ်ရင် ဒီရေတွေက အိမ်ရဲ့ ဖောင်ဒေးရှင်း ဆီပြန်ရောက်နိုင်ပြီး ဖောင်ဒေးရှင်း ကို ပြန်ပြီး ဒုက္ခပေးနိုင်ပါတယ်။

(3) ရေပိုက်လိုင်းတွေနှင့် Plumbing System
နံရံတွေထဲက ရေပိုက်တွေပေါက်တာတွေ၊ လက်ဆေးကန်အောက်က ရေပိုက်အဆက်တွေမလုံ တာတွေက ဒီအတိုင်းဆိုရင်မသိသာပေမယ့် ကြာလာတဲ့အခါ မှိုနှင့်ရေညှိတွေစွဲလာတာ နံရံနှင့်ကြမ်းခင်းတွေကိုထိခိုက်ပျက်စီးတာမျိုးတွေဖြစ်လာစေပါတယ်။ ဒါကြောင့်မကြာခဏ ပိုက်လိုင်းတွေသံချေးတက်နေပြီလား၊ ပိုက်အဆက်တွေ ဟနေပြီလား စစ်ဆေးသင့်ပါတယ်။ လက်ဆေးကန်တွေ, ရေချိုးကန်တွေမှာ ရေစီးဆင်းမှု နှေးလာတဲ့ အခါ ပေါ့ပေါ့လျော့လျော့ မနေသင့်ပဲ ရေစီးလိုင်းကြောင်းကို သေချာ စစ်ဆေးပေးသင့်ပါတယ်။

(4) ထပ်ခိုးသန့်ရှင်းမှုနှင့် လေဝင်လေထွက်ကောင်းမှု
လေဝင်လေထွက်မကောင်းတဲ့ ထပ်ခိုးမှာ ပြန်ဖျောက်ဖို့ခက်ခဲတဲ့ အနံဆိုးတွေရေရှည်စွဲကပ်စေပါတယ်။ ပြီးတော့ မစစ်မဆေးပဲထားတာကြာရင် ကြွက်နှင့်အခြားပိုးမွှားတွေရဲ့ infestation ပြဿနာ ရှိလာနိုင်ပြီး ငွေကုန်ကြေးကျများတဲ့ ပြုပြင်သန့်ရှင်းမှုမျိုးတွေလုပ်ရပါလိမ့်မယ်။ ထပ်ခိုးမှာ လေဝင်လေထွက် အတွက် ventilation (vent)တွေမလုံလောက်ရင် ခေါင်မိုးမျက်နှာကျက်တွေမှာ မှိုတွေစွဲကပ်လာနိုင်ပြီး အိမ်သားတွေ အတွက် ရေရှည် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ခေါင်မိုး /မျက်နှာကျက် attic ကို ၂နှစ် ၁ခါလောက်စစ်ဆေးမှုတွေပြုနိုင်ပါတယ်။

(5) လျှပ်စစ်လိုင်းတွေနှင့် မီးခလုပ်တွေ
မီးခလုပ်ဖွင့်လိုက်ရင် မီးတော်တော်နှင့်မလာတာ၊ မီးသီး မီးချောင်းတွေ မှိတ်ခတ်မှိတ်ခတ်ဖြစ်နေတာ၊ ခလုပ်တွေ မီးကြိုးတွေက ပူနေတာ ၊ Wire ညှော်နံနည်းနည်းပဲဖြစ်ဖြစ် ရတာမျိုးတွေကြုံတွေ့မိရင် လုံးဝမပေါ့ပါနှင့်၊ ချက်ချင်း စစ်ဆေးပါ။ Electrical Problem တွေက ငွေကုန်များတဲ့ ပြဿနာတွေကို ဖြစ်စေသလို၊ အဆိုးရွားဆုံးအနေနှင့် မီးဘေးအန္တရာယ်အထိကို ဖြစ်ပွားစေနိုင်ပါတယ်။ Electric panel တွေက အရမ်းဟောင်းနေတာ၊ အစိုးရကသတ်မှတ်ထားတဲ့ safety code/ standard တွေမမီတော့ရင်လည်း Panel upgrade လုပ်ပေးဖို့ လိုပါတယ်။ အိမ်မှာရှိတဲ့ ပလက်ပေါက်တွေက ရေနဲ့ နီးတဲ့ အခါ အပြင်မှာရှိတဲ့ အခါတွေမှာ လျှပ်စစ်ဓာတ်လိုက်တာတွေ ကနေ ကာကွယ်ပေးတဲ့ GFCI plugs တွေကိုလည်း မရှိရင် လဲထားသင့်တယ်။ ရှိရင်လည်းအလုပ် လုပ်၊မလုပ် ကို သေချာစစ်ဆေးပြီးလိုအပ်ရင် ပြုပြင်ထားသင့်ပါတယ်။

(6) Driveway နှင့် အိမ်အပြင်ကရေစီးမြောင်းတွေ
Driveway နှင့် Walkway တွေအက်ကွဲနေရင် ပြန်ပြုပြင်ဖို့အမြန်ဆုံးလုပ်ပါ။ ဒီအက်ကွဲကြောင်းတွေက နေ့စဉ်ကားဖြတ်သွား လူဖြတ်သွားတဲ့ ဒါဏ်တွေကြောင့် အက်ကွဲကြောင်းတွေပိုကြီးမားလာပြီး ချိုင့်တွေ ဖောင်းကြွလာတာတွေဖြစ်လာနိုင်ပါတယ်။ ပြီးတော့ Outdoor drainage တွေပိတ်ဆို့နေပြီး ရေကောင်းကောင်းမစီးဆင်းရင် လျှံကျရေတွေက အိမ်ရဲ့ Foundation ကိုဒုက္ခပေးနိုင်တယ်၊ foundation တွေယိုယွင်းပြီး basement ရေလျှံတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကတော့ အိမ်ပိုင်ရှင်တွေအနေနှင့် နှစ်စဉ်နှစ်တိုင်း မမေ့မလျော့စစ်ဆေးသင့်တဲ့ Yearly Home Checklist ပဲဖြစ်ပါတယ်။



Comments