Down Payment က သင့်အိမ်ချေးငွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ?
- 2 days ago
- 1 min read

Down Payment ဆိုတာက အိမ်တစ်လုံးဝယ်တော့မယ်ဆိုရင် ကိုယ်ဝယ်မယ့်အိမ်တန်ဖိုးရဲ့ ရာခိုင်နှုန်းတစ်ခုကို ချေးငွေစယူတဲ့အခါမှာ အပြီးအပိုင်ပေးချေရတဲ့ ငွေကိုခေါ်ပါတယ်။ ဒီပမာဏဟာ ကိုယ်လစဉ်ပြန်ဆပ်ရမယ့် ငွေပမာဏနဲ့ ရေရှည်ဘဏ္ဍာရေးအခြေအနေအပေါ် သိသိသာသာ အကျိုးသက်ရောက်မှု ရှိပါတယ်။
Down Payment ငွေ များများပေးခြင်းကြောင့် ရရှိနိုင်တဲ့ အဓိကအားသာချက် (၄) ချက်ကို အောက်မှာ ဖော်ပြထားပါတယ်။
၁။ လစဉ်ပေးချေရငွေ နည်းသွားမယ်
အလွယ်ကူအရိုးရှင်းဆုံး စဉ်းစားကြည့်မယ်ဆိုရင် ကိုယ်က Down Payment မှာ ငွေများများပေးနိုင်လေလေ၊ ဘဏ်ကနေ ချေးယူရမယ့် ပမာဏ နည်းလေလေပါပဲ။ ချေးငွေပမာဏ (Principal amount) နည်းသွားတဲ့အတွက် လစဉ်ပြန်ဆပ်ရမယ့် အရင်းနဲ့ အတိုးပမာဏဟာလည်း လိုက်ပြီးလျော့နည်းသွားမှာပါ။
ဥပမာအားဖြင့် - $300,000 တန် အိမ်တစ်လုံးကို ဝယ်မယ်ဆိုပါစို့။
အကယ်၍ ကိုယ်က 20% ($60,000) ကို Down Payment ပေးချေလိုက်ရင် ကိုယ်ချေးရမှာက $240,000 ပဲ ရှိပါတော့တယ်။
အကယ်၍ ကိုယ်က 5% ($15,000) ပဲ ပေးရင်တော့ $285,000 အထိ ချေးရမှာပါ။ ဒီကွာခြားချက်ကြောင့် ကိုယ်လစဉ်ပေးရမယ့် ငွေပမာဏဟာ သိသိသာသာ သက်သာသွားမှာ ဖြစ်ပါတယ်။

၂။ ပိုကောင်းတဲ့ အတိုးနှုန်းကို ရနိုင်တယ်
ဘဏ်တွေက အစဦးပေးငွေ များများပေးနိုင်တဲ့သူကို "Risk (အန္တရာယ်) နည်းသူ" လို့ သတ်မှတ်ပါတယ်။ ကိုယ်က Down Payment amount များများ စပေးထားတာကြောင့် ကျန်တဲ့ချေးငွေကို ပုံမှန်ပြန်ဆပ်ဖို့ ပိုယုံကြည်စိတ်ချရတဲ့သူဆိုပြီး သူတို့က ယူဆကြတာပေါ့။ ဒါကြောင့် ဘဏ်တွေက ကိုယ့်ကို ပိုသက်သာတဲ့ အတိုးနှုန်း တွေနဲ့ ငွေချေးနိုင်ဖို့ ခွင့်ပြုပေးတတ်ပါတယ်၊ ဒါကြောင့် အတိုးနှုန်း 0.5% လောက် ကွာခြားသွားရုံနဲ့တင် နှစ် 30 စာ ချေးငွေသက်တမ်းမှာ ငွေပေါင်း သောင်းနဲ့ချီပြီး ကိုယ်စုမိသွားနိုင်ပါတယ်။

၃။ အိမ်ရာအာမခံကြေး (PMI) ပေးစရာမလိုတော့ဘူး
ပုံမှန်အားဖြင့် အိမ်တန်ဖိုးရဲ့ 20% အောက်ပဲ Down Payment ပေးနိုင်ရင် ဘဏ်တွေက Private Mortgage Insurance (PMI) လို့ခေါ်တဲ့ အာမခံကြေးကို လစဉ်ထပ်ဆောင်းတောင်းပါတယ်။ ဒီအာမခံက ကိုယ့်အတွက်မဟုတ်ဘဲ ကိုယ်ကချေးငွေမဆပ်နိုင်တော့ရင် ဘဏ်က အရှုံးမရှိအောင် ကာကွယ်ထားတဲ့ အာမခံပါ။ ဒါဟာ ကိုယ့်အတွက်တော့ မလိုအပ်ဘဲ ကုန်ကျနေတဲ့ လစဉ်အပိုစရိတ်ကြီးတစ်ခုပါ. ။ အကယ်၍ ကိုယ်က Down Payment 20% နဲ့အထက် စိုက်ထုတ်ပေးနိုင်ရင်တော့ ဒီ PMI ကြေးကို ပေးစရာမလိုတော့ဘဲ လစဉ်ငွေစုမိသလို ဖြစ်စေမှာပါ။

၄။ အိမ်ပိုင်ဆိုင်မှု (Equity) ချက်ချင်းရမယ်
Home equity ဆိုတာ လက်ရှိအိမ်ပေါက်စျေး ထဲကနေ ကိုယ်ပေးရမယ့် Mortgage Loan လိုအကြွေးတွေကိုနူတ်လိုက်ရင် အသားတင်ကျန်တဲ့ ပိုင်ဆိုင်မှုတန်ဖိုးကိုခေါ်ပါတယ်။Down Payment များများပေးခြင်းအားဖြင့် အနာဂါတ်မှာ ပေးရမယ့်အကြွေးပိုနည်းစေတာကြောင့် လက်ရှိကိုယ့်ရဲ့ ပိုင်ဆိုင်မှု Home Equity ကိုလဲပိုများစေပါတယ်။ အိမ်ဈေးကွက် အတက်အကျဖြစ်လို့ အိမ်ဈေးအနည်းငယ် ကျသွားရင်တောင် ကိုယ်က အစဦးမှာ ငွေများများပေးထားတာကြောင့် အိမ်တန်ဖိုးထက် အကြွေးက ပိုများနေတဲ့အခြေအနေမျိုး မဖြစ်အောင် ကာကွယ်ပေးထားနိုင်ပါတယ်။

ဒါကြောင့် အိမ်ဝယ်ဖို့အတွက် အစဦးငွေ များများစုဆောင်းထားတာဟာ လစဉ်ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရုံတင်မကဘဲ ရေရှည်မှာ ကိုယ့်ရဲ့ အတိုးပေးရမဲ့ ငွေပမာဏ ကို အမြောက်အမြား သက်သာစေမှာ ဖြစ်ပါတယ်။



Comments