အိမ်မဝယ်ခင် Credit Score ကို အမြန်ဆုံးမြှင့်တင်နိုင်မယ့် လက်တွေ့ကျတဲ့ နည်းလမ်းများ
- 1 hour ago
- 1 min read

အိမ်ဝယ်ဖို့ Offer တစ်ခု မတင်ခင်မှာ ကိုယ်လုပ်ထားသင့်တဲ့ အရေးကြီးဆုံးအလုပ်ကတော့ ကိုယ့်ရဲ့ Credit Score ကို စစ်ဆေးပြီး လိုအပ်ရင် မြှင့်တင်ထားဖို့ပါပဲ။ ဘာလို့လဲဆိုတော့ Credit Score ကောင်းလေလေ၊ အိမ်ချေးငွေအတိုးနှုန်း (Mortgage Rates) ပိုသက်သာလေလေ ဖြစ်ပြီး ရေရှည်မှာ ဒေါ်လာသောင်းချီ စုဆောင်းမိနိုင်လို့ပါ။
အိမ်မဝယ်ခင် Credit Score ကို အမြန်တက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်။

၁။ ကိုယ့်ရဲ့ Credit Report ကို အရင်စစ်ဆေးပါ
အရင်ဆုံး ကိုယ့်ရဲ့ Credit Report မှာ အချက်အလက်အမှားတွေ ရှိနေသလားဆိုတာ အခမဲ့စစ်ဆေးပါ။ AnnualCreditReport.com မှာ တစ်နှစ်တစ်ကြိမ် အခမဲ့ စစ်ဆေးကြည့်လို့ ရသလို၊ ကိုယ့်ရဲ့ ဘဏ် App တွေထဲမှာလည်း Credit Score ကို အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ အကယ်၍ အချက်အလက်အမှားတွေ တွေ့ခဲ့ရင် သက်ဆိုင်ရာ Credit Bureau တွေကို အကြောင်းကြားပြင်ဆင်လိုက်ရုံနဲ့တင် Score က သိသိသာသာ တက်လာနိုင်ပါတယ်။

၂။ Utilization Rate ကို ၃၀% အောက် လျှော့ချပါ
ဒါက အမြန်ဆုံးနည်းလမ်းတစ်ခုပါ။ ကိုယ့်မှာ Credit Card ရှိတယ်ဆိုရင် ကတ်ရဲ့ သတ်မှတ်ချက် (Limit) ကို အကုန်မသုံးပါနဲ့။ ဥပမာ - ကတ် Limit က $1,000 ဆိုရင် $300 ထက်ပိုမသုံးတာ အကောင်းဆုံးပါ။ အကြွေးတွေကို အတတ်နိုင်ဆုံး အမြန်ဆပ်ပြီး Utilization Rate ကို လျှော့ချလိုက်တာနဲ့ ရက်ပိုင်းအတွင်းမှာပဲ Score တက်လာတာကို တွေ့ရပါလိမ့်မယ်။

၃။ Credit Limit တိုးပေးဖို့ တောင်းဆိုပါ
အကြွေးအမြန်မဆပ်နိုင်သေးရင်တောင် နောက်ထပ်နည်းလမ်းတစ်ခုက ကိုယ့်ရဲ့ Credit Card ကုမ္ပဏီကို ဖုန်းဆက်ပြီး "Credit Limit တိုးပေးပါ" လို့ တောင်းဆိုတာပါ။ ကိုယ့်ရဲ့ Limit များသွားရင် အသုံးစရိတ်က အရင်အတိုင်းဆိုရင်တောင် Utilization Rate ကျသွားတဲ့အတွက် Score တက်လာမှာ ဖြစ်ပါတယ်။ (ဒါပေမဲ့ Limit တိုးလာလို့ဆိုပြီး ထပ်မသုံးဖို့တော့ လိုပါတယ်နော်)။

၄။ ဘယ်လိုအကြွေးတွေကို အရင်ဆပ်ရမလဲ?
အကြွေးအားလုံးက Score အပေါ် သက်ရောက်မှုချင်း မတူပါဘူး။
Credit Card Debt: ဒါကို အရင်ဆုံးဆပ်ပါ။ ဘာလို့လဲဆိုတော့ Credit Card တွေက Utilization Rate အပေါ် တိုက်ရိုက်သက်ရောက်မှုရှိလို့ပါ။
Installment Loans (ကားချေးငွေ၊ ကျောင်းလခ): ဒါတွေကတော့ သတ်မှတ်ထားတဲ့အတိုင်း လစဉ်မှန်မှန်ပေးဆပ်သွားရင် ရပါပြီ။ Credit Card အကြွေးလောက် Score ကို ချက်ချင်း မပြောင်းလဲစေပါဘူး။

၅။ အိမ်မဝယ်ခင်မှာ အကြွေးသစ် (သို့) ကတ်အသစ် ထပ်မလျှောက်ပါနဲ့
အိမ်ဝယ်ဖို့ ပြင်နေတဲ့ ၃ လ ကနေ ၆ လအတွင်းမှာ ကားအသစ်ဝယ်တာ၊ ပရိဘောဂတွေ အကြွေးနဲ့ဝယ်တာ ဒါမှမဟုတ် Credit Card အသစ်လျှောက်တာမျိုး လုံးဝမလုပ်ပါနဲ့။ အဲဒီလို လျှောက်လိုက်တိုင်း ကိုယ့်ရဲ့ Score က အနည်းငယ် ပြန်ကျသွားတတ်လို့ပါ။

Credit Score ဆိုတာ ကိုယ့်ရဲ့ ငွေကြေးယုံကြည်စိတ်ချရမှုကို ပြတဲ့ မှတ်ကျောက်ပါပဲ။ ဒါကြောင့်ကိုယ်က အိမ်တစ်လုံးကို ဝယ်ဖို့ကိုယ့်ရဲ့ Score ကို အရင်ဆုံး သေသေချာချာ ပြင်ဆင်ထားပါ။ အတိုးနှုန်း ၁% လောက် ကွာသွားရုံနဲ့တင် ကိုယ့်ရဲ့ လစဉ်ပေးသွင်းရမယ့် ငွေပမာဏက အများကြီး ကွာခြားသွားနိုင်ပါတယ်။



Comments