ငွေနဲ့ ပတ်သက်ပြီး လူတွေမသိတဲ့ အမှန်တရား
- Win Myat Thu
- Aug 24, 2023
- 2 min read
ချမ်းသာခြင်း၊ ငွေကြွယ်၀ခြင်းတွေက သင်နဲ့ ဝေးနေတယ်လို့ သင်ခံစားနေရပါလိမ့်မယ်။
ကိုယ်က ဉာဏ်မကောင်းလို့လား၊ ကိုယ်က ညံ့နေလို့လား။ တစ်ခုခုလိုချင်ရင်တောင် အများကြီး ချင့်ချိန်နေရမယ်။
လိုချင်တဲ့ဟာကို ဝယ်ဖို့ အရမ်းစဉ်းစားနေရမယ်။ အရှုံးသမားတစ်ယောက်လို ခံစားနေရမယ်။ များသောအားဖြင့်လည်း ကျောင်းတွေမှာ ငွေကြေးကြွယ်၀ချမ်းသာခြင်းအကြောင်းကို သင်ရမှာမဟုတ်ပါဘူး။
ငွေဆိုတာ ဘာလဲ?
သေချာတာကတော့ အားလုံးသုံးနေတဲ့ ငွေစက္ကူကိုပဲပြေးမြင်ကြမှာပါ။
တစ်နေ့လုပ်တစ်နေ့စား တစ်လလုပ် တစ်လစားဘ၀မှာပဲ လူတွေက မျောနေကြတော့ ငွေအကြောင်းကို
သေသေချာချာ စဉ်းစားဖို့ အချိန် မရှိကြပါဘူး။
ငွေနောက်လိုက်ရင်းနဲ့ပဲ ငွေရဲ့ စေစားရာမှာ မျောနေကြတာပါ။
မေးခွန်းကို ပြန်ဆက်ရရင် ငွေဆိုတာ လစာလို့မြင်နေတဲ့လူက များပါတယ်။ ဒါကလည်း ကျောင်းပြီးတဲ့အခါ အလုပ်လုပ်မယ် အလုပ်လုပ်ပြီး ရလာတဲ့ငွေနဲ့ ပဲ ရှင်သန်နေကြရလို့ပါ။ ဒီတော့ ကိုယ်သိထားတဲ့ ငွေဆိုတဲ့ ညီမျှခြင်းက အလုပ်ကရတဲ့ လစာပဲဖြစ်နေတာပေ့ါ။
ငွေအကြောင်းနဲ့ ချမ်းသာခြင်း အစစ်အမှန်ကတော့ ငွေဆိုတာ အချိန်နဲ့ လဲလှယ်ရတာပါပဲ။ ကိုယ်လုပ်တဲ့ အလုပ်ချိန်နဲ့ ကိုက်ညီတဲ့ ငွေကြေးကို လစာအဖြစ်ရတာကို မမေ့ပါနဲ့။ ဆိုပါစို့ သင်တစ်နေ့မှာ အလုပ်ချိန် (၈)နာရီရှိမယ်။ တစ်ပတ်မှာ နာရီ (၄၀)အလုပ်လုပ်ပြီး တစ်နာရီကို ဒေါ်လာ (၂၀)ရမယ်ဆိုရင် မီလျံနာဖြစ်ဖို့အတွက် ၂၄နှစ်လောက် အချိန်ယူရမှာပါ။
ဒါက ၂၄နှစ်လုံး ဆောင်ရမယ့်အခွန်တွေ၊ စားစရိတ်၊နေစရိတ်၊ အသုံးစရိတ်တွေမပါဘဲ တွက်ထားတာပါ။ တကယ်လို့ အဲ့စရိတ်တွေနဲ့ ငွေကြေးဖောင်းပွခြင်းကိုပါထည့်တွက်ရင် ၂၄နှစ်ကြာတဲ့အထိတောင် မီလျံနာမဖြစ်နိုင်ပါဘူး။
ဒါဆို ငယ်ငယ်ရွယ်ရွယ်နဲ့ မီလျံနာ ဘီလျံနာဖြစ်နေတဲ့သူတွေက ဘယ်လိုမျိုး ချမ်းသာလာကြတာလည်း?
ပိုရှင်းအောင်ပြောရရင်
အလုပ်ဟူသမျှက ဂုဏ်ရှိစွဆိုပေမယ့် ဒီနေရာမှာ ဥပမာလေးတစ်ခုတော့ ပြချင်ပါတယ်။
သန့်ရှင်းရေးသမားတစ်ဦးနဲ့ စာရင်းကိုင်တစ်ဦး ရတဲ့ လစာက ဘာကြောင့်ကွာလဲ ဆိုတော့
သန့်ရှင်းရေးသမားတစ်ယောက်လုပ်တဲ့ အလုပ်က အစားထိုးဖို့လွယ်ပြီး စာရင်းကိုင်တစ်ဦးလုပ်တဲ့ အလုပ်ကတော့ စျေးကွက်ရဲ့ လိုအပ်ချက်အရကြည့်ရင် သိပ်အစားထိုးဖို့ မလွယ်တဲ့အတွက် တန်ဖိုးပိုတယ်လို့ ယူဆတာကြောင့် လစာပိုရပါတယ်။
ပြီးတော့ ဒီလို စာရင်းကိုင်လုပ်ဖို့အတွက် သူသင်ခဲ့ တက်ခဲ့ရတဲ့ ဘွဲ့သင်တန်းတွေကြောင့်လည်း ပါတာပေ့ါ။ စာရင်းကိုင်တစ်ယောက်ဖြေရှင်းပေးရတဲ့ အခက်အခဲတွေက သန့်ရှင်းသမားတစ်ယောက်ဖြေရှင်းတဲ့ ပြသနာထက်တော့ ပိုရှုပ်ထွေးပါတယ်။ ဒါကြောင့်လည်း ဝင်ငွေက ကွာသွားတာပါ။
ငွေနောက်ကိုလိုက်ပြီး ငွေခိုင်းတာကို တမေ့တမောလုပ်နေတာကို ရပ်လိုက်ပါ။
စားသောက်ဆိုင်တစ်ဆိုင်ပဲ ဖွင့်ပြီး တစ်မိသားစုလုံး ဝင်လုပ်နေမယ်။ နောက် ၁၀နှစ်ကြာလည်း အဲ့လိုပဲဖြစ်နေမယ်ဆိုရင်တော့ ဒီလုပ်ငန်းက Scaleable မဖြစ်ဘူးလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် သင်က စားသောက်ဆိုင်ကို Franchise လုပ်မယ်ဆိုရင်တော့ သင်ကိုယ်တိုင် ဝင်လုပ်စရာမလိုတော့ဘဲ ဆိုင်ခွဲတွေ အများကြီးပေါ်လာပြီး အမြတ်အစွန်းကလည်း ပိုများနိုင်ပါတယ်။
နောက်ထပ် ဥပမာတစ်ခုထပ်ပေးပါ့မယ်။ သင်က အပြင်မှာ စာရင်းကိုင်သင်တန်းဖွင့်မယ်။ ကိုယ်တိုင်သင်မယ်။ ဒါဆိုရင် သင့်အနေနဲ့ အလွန်ဆုံး တစ်နေ့ကို ၃၊ ၄တန်းပဲ သင်နိုင်မှာပါ။ တကယ်လို့ သာ သင့်က စာရင်းကိုင်သင်တန်းကို Online ကနေ ဖွင့်မယ်ဆိုရင် လူတွေအများကြီးက တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ဝင်တက်နိုင်သလို သင်ကလည်း အမြဲ စာသင်နေစရာမလိုဘဲ တစ်ကြိမ်ပဲ Video ကောင်းကောင်းရိုက်ထားလိုက်ရင် ရပါပြီ။
ဒီလိုလုပ်ဖို့ကတော့ ပြောရင်သာလွယ်တာပါ။ တကယ်လုပ်ရင်တော့ ခက်ပါတယ်။ အရင်ဆုံး လုပ်နေတဲ့ အလုပ်တွေအတွက် Process ချမှတ်ထားဖို့လိုပါတယ်။ လုပ်ထုံးလုပ်နည်း SOP တွေ လိုက်နာရမယ့် အဆင့်တွေကို ချရေးဖို့လိုပါတယ်။
ဒါ့အပြင် Scalable လုပ်နိုင်မယ့် Platform တွေ၊ Network တွေကိုလည်း ရှာဖွေဖို့လိုပြန်ပါသေးတယ်။ စနစ်ကို ကိုယ်မပါဘဲ အလိုလျောက်လုပ်နိုင်ဖို့လည်း ပြင်ဆင်ရပါသေးတယ်။
လုပ်ငန်းလုပ်တဲ့သူအများစုကတော့ ဘယ်အလုပ်နေနေကိုယ်တိုင်ဝင်လုပ်ရမှ ကျေနပ်ရပါတယ်။ ငွေရတယ်ဆိုပေမယ့် လုပ်ငန်းကို မတိုးချဲ့နိုင်ပဲ ကိုယ့်လစာကိုယ်ယူတဲ့ အလုပ်သမားပဲ ဖြစ်နေပြန်ပါတယ်။ အလုပ်တွေကို ကိုယ်မပါလည်း သူတို့ဘာသာ လုပ်နိုင်အောင် နည်းစနစ်တွေချထားပြီး ကိုယ်တိုင်ဝင်လုပ်ဖို့ လိုတဲ့ အလုပ်တွေမှသာ ကိုယ်တိုင်လုပ်ပါ။
ကိုယ့်ရဲ့ အတ္တကို ခဏ ဘေးချိတ်ပြီး အခြားသူလုပ်ရင် ဖြစ်ပါ့မလားလို့ စဉ်းစားတာထက် စျေးကွက်ကို ချဲ့နိုင်အောင်ကြိုးစားဖို့လိုပါတယ်။ ဘာလို့ဆို သင့်အချိန်က အရမ်းအဖိုးတန်လို့ပါ။ သင်ကုန်ဆုံးတဲ့ တစ်နာရီတိုင်းက ဘယ်လောက်ပြန်ရနိုင်လဲကို သေချာသိနေမှ ငွေရဲ့ ခိုင်းစေခြင်းကို မခံရမှာပါ။
လူအများစုကတော့ ငွေပိုရရမယ်ဆိုပြီး လုပ်ငန်းတွေကို စခဲ့တာမဟုတ်ပေမယ့် အချိန်တစ်ခုရလာတဲ့အခါမှာတော့ ငွေက အရေးပါလာပြီး ကိုယ့်အချိန်ကိုယ်ပိုင်ကာ စောစောစီးစီး ပင်ပင်ပန်းပန်းလုပ်ရတဲ့ အလုပ်တွေက အနားယူကာ ကားပိုင် အိမ်ပိုင် ခရီးထွက်နိုင်တဲ့ ဘ၀ဖြစ်ဖို့ လိုလားကြပါတယ်။
ကိုယ်ပိုင်လုပ်ငန်းမစဘဲ တစ်သက်လုံး သူများ လုပ်ခလစာနဲ့ရှင်သန်နေမယ်ဆိုရင်တော့ ကိုယ့်အချိန်တွေက သူတို့ပေးသလောက်ပဲ ရမှာပါ။ ဘ၀ကို မနက်နိုး အလုပ်သွား၊ နေ့လည်စာစား၊ ညနေရုံးဆင်း၊ လကုန်လစာထဲက နည်းနည်းစုပြီး အိမ်လခအတွက်ပူပင်ရ၊ ဝယ်ချင်တဲ့ နောက်ဆုံးပေါ် iPhone အတွက် ပူပင်ရတာတဲ့ သံသရာထဲကနေ ရုန်းထွက်နိုင်ဖို့က ကိုယ့်အချိန်ကို တန်ဖိုးထားပြီး တစ်နာရီတိုင်းဝင်တဲ့ငွေပိုများအောင် လုပ်နိုင်ဖို့လိုပါတယ်။
ဒီနေရာမှာ Passive Income ဆိုတဲ့ ဝေါဟာရကို နားလည်ဖို့လည်း လိုပါတယ်။ ကိုယ်တိုင်အလုပ်မလုပ်ဘဲ အချိန်တိုင်း ဝင်နေတဲ့ ငွေကိုခေါ်တာပါ။ ကိုယ်တိုင်အလုပ်လုပ်လို့ လစာရတာက Passive Income မဟုတ်ပါဘူး။ အဲ့ဒီဟာက Active Income ပါ။
Passive Income ရဖို့ဆိုရင်တော့ Investment လုပ်တဲ့အရာကလည်း တွဲပြီးကပ်ပါလာပါတယ်။ ကိုယ်မပါတဲ့ လုပ်ငန်းတစ်ခုထောင်မယ်ဆိုရင်လည်း သူတို့ကို လစာပေးဖို့ ရုံးခန်းခ စတာတွေက တစ်ပါတည်း ကပ်ပါလာပြီး Investment လုပ်ဖို့လိုပါတယ်။ ဒါမှ မဟုတ် Stock Investment လိုမျိုး၊ Real Estate Investment လိုမျိုး ငွေကို ငွေနဲ့ ရင်းရှာတာမျိုးလည်း လုပ်လို့ရပါတယ်။
Comments